KMA ဖောင်ဒေးရှင်းရဲ့ သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့်အရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ၊ နေ့စဉ် နံနက် ၉ နာရီကနေ ၆ နာရီအတွင်း ရန်ကုန်-ပဲခူးလမ်းမရှိ ပဲခူး ၁၀ မိုင်ကုန်း၊ ရွှေပြည်ရီဆော့(Shwe Pyi Resort)မှာ ကျင်းပသွားမယ့်အကြောင်း အဆိုပါဖောင်ဒေးရှင်းက ရန်ကုန်အခြေစိုက်မီဒီယာများကို ဒီကနေ့ အသိပေးရှင်းလင်းပြောကြားခဲ့ပါတယ်။

ယခုနှစ်ကျင်းပမယ့်သစ်သားပန်းပုပြိုင်ပွဲဟာ အဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး မြို့နယ်ပေါင်း ၂၀ မှ ပြိုင်ပွဲဝင်အရုပ်ပေါင်း ၂၂၇ ရုပ်ပါဝင်မှာဖြစ်ကြောင်း၊ စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း ၁ ရာ၊ မော်ဒန်ပြိုင်ပွဲမှာ ပထမဆု ကျပ် ၇၅ သိန်းတို့အပြင် ပထမဆု၊ ဒုတိယ၊ တတိယဆုရရှိသူတွေကို ရွှေ ၅ မူးသားဆုတံဆိပ်တွေပါ ပေးအပ်ချီးမြှင့်မယ်လို့ သိရပါတယ်။

အဲဒီပွဲတော်ကာလအတွင်း အခြားပန်းပုဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေပါ ခင်းကျင်းပပြသ ရောင်းချသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲတော်ကနေ ခရီးသည်လုပ်ငန်းအတွက် ဆွဲဆောင်စရာအဖြစ် ဖန်တီးထားကြောင်းကိုလည်း အဆိုပါပွဲတော်ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီအတွင်းရေးမှူး ဦးဌေးအောင်ကြည်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလက နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့တဲ့ သစ်ပင်အစိတ်အပိုင်းများကို နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ KMA ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပန်းပုပညာရှင်တွေနဲ့ပူးပေါင်းပြီး သစ်သားပန်းပုရုပ်အများအပြားထုလုပ်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်က စတင်လို့ ယခုကဲ့သို့ ပန်းပုပြပွဲ၊ ပြိုင်ပွဲတွေ ဆက်တိုက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here