အီတလီသမိုင်းတွင် အဆိုးဝါးဆုံးလူသတ်မှုအကြောင်း ရုပ်ရှင်ဇာတ်လမ်းတွင် လေဒီဂါဂါ ပါဝင်သရုပ်ဆောင်မည်

0
25

A Star Is Born မေတ္တာဖွဲ့ရုပ်ရှင်ထွက်ရှိခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့သောင်းသောင်းဖျဖျ အားပေးမှုခံခဲ့ရတဲ့ လေဒီဂါဂါဟာ ကမ္ဘာပေါ်မှာ သရုပ်ဆောင်ကြေးအမြင့်ဆုံးရတဲ့ မင်းသမီးဖြစ်လာခဲ့ပါတယ်။ အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး လေဒီဂါဂါရဲ့ပရိသတ်အများအပြားက သူမဟာ အဆိုတော်အလုပ်အပြင် သရုပ်ဆောင်အလုပ်နဲ့ပါ ဆက်လက်ပြီး အောင်မြင်မှုရရှိစေဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ အဲဒီလို ပရိသတ်တွေရဲ့ဆန္ဒပြည့်ဝစေဖို့ နောက်ထပ်အခွင့်အလမ်းတစ်ခု လေဒီဂါဂါ ရရှိခဲ့ပြန်ပါပြီ။ A Star Is Born ရုပ်ရှင်ဇာတ်ကားတုန်းက ဂါဂါဟာ ဒါရိုက်တာဘရက်တလေကော်ပါးရဲ့ ဦးစီးဦးဆောင်မှုခံယူခဲ့ရသလို အခုနောက်တစ်ကားမှာတော့ ဝါရင့်ဒါရိုက်တာကြီး ရစ်ဒလေးစကော့က သူမကို ညွှန်ကြားပြသဦးမှာ ဖြစ်ပါတယ်။ စကော့ဟာ နှစ်ပေါင်း ၄၀ ကျော် ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့သူဖြစ်ပြီး နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Alien, Blade Runner, Thelma & Louise, Gladiator နဲ့ Prometheus တွေနဲ့ အောင်မြင်ခဲ့တာပါ။

အခုတစ်ခါမှာ စကော့ရိုက်ကူးမယ့်ဇာတ်ကားကတော့ မြူရီဇီယိုဂူဇီ(Maurizio Gucci) လူသတ်သမားဆိုတဲ့ ဇာတ်ကားလို့ သိရပါတယ်။
မြူရီဇီယိုဂူဇီဟာ ဂူဇီယိုဂူဇီရဲ့မြေးဖြစ်ပါတယ်။ ဂူဇီယိုဂူဇီဟာ ကမ္ဘာကျော် ဂူဇီ(Gucci)ဖက်ရှင်အမှတ်တံဆိပ်ကို တည်ထောင်ခဲ့တဲ့လုပ်ငန်းရှင်ပါ။ မြူရီဇီယိုကိုသတ်ဖြတ်ဖို့အတွက် သူ့ဇနီးဟောင်း ပတ်ထရီဇီယာရက်ဂျီယာနီက ကြိုးကိုင်ခဲ့ပြီး ဒီပြစ်မှုအတွက် ၈ နှစ်ထောင်ဒဏ်ကျခံခဲ့ရကာ ၂၀၁၆ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပါတယ်။ ဂါဒီးယန်းသတင်းစာရဲ့အဆိုအရ ပတ်ထရီဇီယာဟာ ခင်ပွန်းသည်ကို လုပ်ကြံသတ်ဖြတ်ဖို့ လူမိုက်တစ်ယောက်ကို ငှားရမ်းခဲ့ပါသတဲ့။ ဘာကြောင့် သတ်ဖြတ်ချင်ရတာလဲဆိုတော့ ဂူဇီအမှတ်တံဆိပ်ရှယ်ယာတွေ ခင်ပွန်းသည် ထုတ်ရောင်းတာ မကျေနပ်လို့ပါတဲ့။ အီတလီစာနယ်ဇင်းသမားတွေကတော့ ပတ်ထရီဇီယာကို အနက်ရောင်အမျိုးသမီး(Blcack Woman)ဆိုပြီး သမုတ်ခဲ့ကြပါတယ်။
ဂူဇီမိသားစုရဲ့ရာဇဝင်မှာ သွေးစွန်းခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပေမယ့် ပတ်ထရီဇီယာကတော့ Gucci အမှတ်တံဆိပ်ကို သူ ဆက်လက်လုပ်ကိုင်ဖို့ မျှော်လင့်နေပါသေးတယ်။
ဂါဂါအတွက်တော့ ပတ်ထရီဇီယာရက်ဂျီယာနီရဲ့ဇာတ်ကောင်စရိုက်မျိုး သရုပ်ဆောင်ဖို့အတွက် သိပ်ပြီးခဲခဲယဉ်းယဉ်းမရှိလှပါဘူး။ ပတ်ထရီဇီယာဟာ သူ့တိုင်းပြည်အီတလီမှာ ဖက်ရှင်အနုပညာနဲ့ ထင်ရှားသူဖြစ်သလို ဂါဂါဆိုတာကလည်း ကမ္ဘာကျော်ပြီးသား ဖက်ရှင်မင်းသမီးပါ။ ဂါဂါဟာလည်း အီတလီသွေးပါတဲ့ အမေရိကန်သူဖြစ်ပြီးတဲ့အတွက် ပတ်ထရီဇီယာရဲ့ရိုးရာဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ လူသတ်သမားဇာတ်ကောင်စရိုက်မျိုးကိုလည်း အမေရိကန်ရုပ်ရှင် Hotel ဇာတ်ကားမှာ ဂါဂါက အတွေ့အကြုံရှိပြီးသားပါ။ ဒါကြောင့် ပတ်ထရီဇီယာရဲ့ဇာတ်ကောင်စရိုက်မျိုး ဂါဂါက ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။


Source : https://www.cheatsheet.com/entertainment/lady-gaga-stars-in-movie-about-most-infamous-murder-in-italian-history.html/

LEAVE A REPLY

Please enter your comment!
Please enter your name here