အမေရိကန်စတော့စျေးကွက်အတွင်း တရုတ်ကုမ္ပဏီများကို ၀ါရှင်တန် ဖယ်ရှားမည်မဟုတ်ကြောင်း ဘဏ္ဍာရေးဌာန သတင်းထုတ်ပြန်

0
108

အမေရိကန်စတော့စျေးကွက်အတွင်း ကုန်သွယ်နေကြသည့်တရုတ်ကုမ္ပဏီများကို အမည်မည်းစာရင်းထည့်သွင်း၍ ဖယ်ရှားရန် ၀ါရှင်တန်အနေဖြင့် အစီအစဉ်မရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက သတင်းထုတ်ပြန်သည်။ အမေရိကန်စတော့စျေးကွက်အတွင်းမှ ယခင်သီတင်းပတ်က သောကြာနေ့က ဂယက်ရိုက်မှုရှိခဲ့သဖြင့် အမေရိကန်ဘဏ္ဍာရေးဌာနက ယနေ့သတင်းထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။
“ယခုအချိန်တွင် အမေရိကန်စတော့အိတ်ချိန်းအတွင်း စာရင်းသွင်းရှယ်လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများကို ပိတ်ဆို့ရန် အမေရိကန်အစိုးရအနေဖြင့် အစီအစဉ်မရှိကြောင်း၊ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်နေဆဲဖြစ်ကြောင်း” အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်သောကြေညာချက်ကို အဆိုပါဌာနပြောခွင့်ရသူအမျိုးသမီး မိုနီကာခရိုးလေးက ယမန်နေ့ တနင်္ဂနွေနေ့က တွီတာလူမှုကွန်ရက်ပေါ်သို့ လွှင့်တင်ခဲ့သည်။
ပြီးခဲ့သည့်သောကြာနေ့က မီဒီယာသတင်းများထွက်ပေါ်လာခဲ့ရာ ထိုသတင်းတွင် အမေရိကန်စတော့အိတ်ချိန်းအတွင်း ရောင်းဝယ်ဖောက်ကားနေသော တရုတ်ကုမ္ပဏီများ၏အရင်းအနှီးစီးဆင်းမှုကို ကန့်သတ်ရန် အိမ်ဖြူတော်အနေဖြင့် အာရုံစိုက်နိုင်ဖွယ်ရှိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ အစိုးရနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ရိုက်တာက အဆိုပါသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယင်းသတင်းမှန်ကန်ပါက အမေရိကန်နှင့်တရုတ်တို့အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာမှု လျော့ကျသွားဖွယ်ရှိနေသည်။
လတ်တလောကာလအတွင်း တရုတ်ငွေကြေးသည် အမေရိကန်ဒေါ်လာအောက် ၀.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရက်သတ္တ ၃ ပတ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
လနှင့်ချီ၍ ကြာမြင့်နေသည့် ကုန်သွယ်ရေးအငြင်းပွားမှုဖြစ်နေသည့် အင်အားကြီးနှစ်နိုင်ငံကြား လာမည့်အောက်တိုဘာလ ၁၀ ရက်တွင် ၀ါရှင်တန်မြို့၌ ဆွေးနွေးအဖြေရှာကြရန် စီစဉ်ထားစဉ်အတွင်း အမေရိကန်-တရုတ်ဆက်ဆံရေး ထိရှလွယ်သည့်အခါသမယ၌ အဆိုပါသတင်း ထွက်ပေါ်လာခဲ့သည်။ ၀ါရှင်တန်ဆွေးနွေးပွဲအတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဝန်ကြီးချုပ်က လျောင်ဟီက ဦးဆောင်မည်ဟု ရုရှား RT သတင်းဌာနက ဖော်ပြထားသည်။
Ref: www.rt.com

LEAVE A REPLY

Please enter your comment!
Please enter your name here