အစိုးရက စပါးစိုက်ထုတ်ဝယ်ယူရေးအတွက် တင်ဒါစည်းကမ်းများဖြင့် ဆောင်ရွက်နေကြောင်း ဆန်စပါးအသင်းချုပ် ပြောကြား

0
24

မြန်မာနိုင်ငံ၏အရေးကြီးဆုံး စားသောက်ကုန်ဖြစ်သည့် ဆန်စပါးဈေးနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)အနေဖြင့် ထိန်းကျောင်းပေးသည့်အစီအစဉ်များကို နိုင်ငံတော်အစိုးရထံ အကြံပြုတင်ပြ၍ ဆောင်ရွက်နေကြောင်း၊ အစိုးရကလည်း စပါးစိုက်ထုတ်ဝယ်ယူရေးအတွက် တင်ဒါစည်းကမ်းများဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က Latest Channel သို့ ပြောကြားခဲ့သည်။

“ကျနော်တို့က နိုင်ငံတော်ကို အခြေခံစပါးဈေးနှုန်းကြေညာပေးဖို့ အကြံပြုတင်ပြပါတယ်။ နိုင်ငံတော်ကလည်း အောက်တိုဘာလ ၁၅ ရက်မှာ အခြေခံဈေးနှုန်း ကြေညာပေးခဲ့တယ်။ အခြေခံဈေးနှုန်းအောက်ကို ဈေးကွက်ပေါက်ဈေးမဖြစ်အောင် ထိန်းကျောင်းပေးတဲ့အစီအစဉ်တွေလည်း ကျနော်တို့ အကြံပြု တင်ပြပါတယ်။ ကျနော်တို့ဆန်စပါးအသင်းချုပ် အသင်းဝင်စက်ပိုင်တွေကလည်း တတ်နိုင်သမျှ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အစိုးရကလည်း တင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ ဝယ်ယူရေးအစီအစဉ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တောင်သူလယ်သမားတွေအတွက် ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ သင့်တင့်မျှတတဲ့ဈေးကွက်ဖြစ်ဖို့အတွက် နိုင်ငံတော်အစိုးရကို ကျနော်တို့ အကြံပြုတင်ပြပြီး ပူးပေါင်းဆောင်ရွက်ပါတယ်” ဟု ဦးရဲမင်းအောင်က လက်ရှိဆောင်ရွက်နေမှုအခြေအနေကို ရှင်းပြသည်။

“ပုံမှန်အခြေနေမှာ နိုင်ငံတော်အစိုးရက ဝင်ပြီး ဝယ်ပေးဖို့ မလိုပါဘူး။ တခါတရံ ရာသီဥတုဖောက်ပြန်တာတို့၊ အခြေခံဈေးနှုန်းအောက်ကို ဈေးနှုန်းတွေကျဆင်းတာတို့ ဖြစ်ရင် နိုင်ငံတော်အစိုးရက ဈေးကွက်ကို ထိန်းကျောင်းပေးတဲ့သဘောနဲ့ ဝယ်ပေးဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စပါးဈေးများမှာ အစိုးရက သတ်မှတ်ပေးသည့်အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် သိသိသာသာ လျော့ကျလာခဲ့သည်။ ယင်းအတွက် ကျေးလက်နေတောင်သူလယ်သမားများကြားတွင် ဂယက်များစွာ ဖြစ်ပေါ်လာခဲ့သည်။ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အစိုးရက ယခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် စပါးများကို အစိုးရအနေဖြင့် စိုက်ထုတ်ဝယ်ယူပေးရေး စတင်ထိန်းကျောင်းလုပ်ဆောင်ခဲ့ရသည်။
ကျေးလက်နေတောင်သူလယ်သမားနှင့်ပတ်သက်၍ ဆန်စပါးအသင်းအသင်းချုပ် ဥက္ကဋ္ဌက ယခုကဲ့သို့ အကြံပြုတိုက်တွန်းခဲ့သည်။

“တောင်သူလယ်သမားတွေအနေနဲ့ တတ်နိုင်သမျှ ဈေးကွက်ဝင်တဲ့စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးနိုင်အောင် ပြုပြင်ပြောင်းလဲပြင်ဆင်ဖို့ လိုပါတယ်။ တောင်သူလယ်သမားတွေလည်း အခက်အခဲအများကြီးရှိပါတယ်။ ဒီအခက်အခဲတွေကြားထဲက သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန၊ အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေ ပူးပေါင်းပြီးတော့ ဈေးကွက်ဝင်စပါးမျိုးတွေ ပြောင်းလဲစိုက်ပျိုးဖို့လိုတယ်။ တောင်သူလယ်သမားတစ်ဦးချင်းစီမဟုတ်တောင် ကျေးရွာမှာ အသေးစားသိုလှောင်ရုံတွေ၊ အသေးစားအခြောက်ခံစက်လေးတွေ ရှိဖို့လိုပါတယ်။ ကျေးရွာအဆင့်မှာ စီမံဆောင်ရွက်ဖို့ လိုတယ်။ တစ်ဖက်က ဆန်စက်လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကလည်း တောင်သူလယ်သမားတွေနဲ့ တတ်နိုင်သမျှ ပူးပေါင်းပြီးတော့ အကူအညီပေးဖို့လည်း လိုအပ်ပါတယ်။ တောင်သူလယ်သမားတွေနဲ့၊ ဆန်စက်လုပ်ငန်းရှင်တွေနဲ့၊ ကုန်သည်တွေနဲ့၊ နိုင်ငံတော်အစိုးရနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက်နဲ့ ငဲ့ညှာပြီးတော့၊ ပူးပေါင်းဆောင်ရွက်သွားဖို့၊ နားလည်သွားဖို့ လိုပါတယ်” ဟု ဦးရဲမင်းအောင်က Latest Channel ဆက်သွယ်မေးမြန်းရာတွင် တိုက်တွန်းဖြေကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here