မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းမှာ ၈ ရက်တိုင်တိုင် ကျင်းပမယ့် မနောပွဲတော်

0
144

၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် မနောပွဲတော်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက် အထိ မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းမှာ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ဇန်နဝါရီ ၅ ရက်ကနေ ၉ ရက်အထိက ဈေးရောင်းပွဲနဲ့အားကစား၊ ပျော်ပွဲရွှင်ပွဲများဆိုပြီး စီမံထားတယ်။ ညပိုင်းအစီအစဉ်တွေကတော့ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ စင်တင်တေးဂီတတွေ၊ ရိုးရာယဉ်ကျေးမှုအကပဒေသာတွေ၊ ၈ ရက်ညနဲ့ ၉ ရက်ညမှာ မနောမယ်ရွေးချယ်ပွဲ ရှိမယ်။ ၁၀ ရက်နေ့မနက်မှာ ကချင်ပြည်နယ်နေ့ လူထုအခမ်းအနားရှိမယ်။ အခမ်းအနားပြီးတာနဲ့ မနော ကမယ်။ အဲဒီနေ့ ညနေပိုင်းအစီအစဉ်တွေကတော့ ကျနော်တို့ တိုင်ပင်နေဆဲပါ။ ၁၁ ရက်နေ့ကျတော့ အရင်က တစ်ခါမှ မလုပ်ဖူးသေးတဲ့ လူငယ်များအထူးသီးသန့်မနောပွဲရှိမယ်။ ရိုးရာယဉ်ကျေးမှုဆန်းသစ်တီထွင်ထားတဲ့ လူငယ်သီးသန့်မနောပွဲပါ။ ၁၂ ရက်နေ့ ညနေမှာတော့ လူထုမနောကပွဲရှိမယ်ဗျ” ဟု မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတန်ဂွင်း(U Teng Goon) က Latest Channel သို့ ပြောကြားခဲ့သည်။
မနောကွင်းရင်ပြင်၏ကျယ်ဝန်းမှုအပေါ်မူတည်၍ လူ ၆၀၀ မှ ၁၀၀၀ အထိ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။


၂၀၂၀ ပြည့်နှစ် မနောပွဲတော်တွင် ကုန်စည်ပြပွဲနှင့်ဈေးရောင်းပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီပြခန်း ၁၀၀ ကျော်ပါမယ်။ ဖက်ရှင်နဲ့အဝတ်အထည်တွေ ပြသရောင်းချမယ်။ စားသောက်ဆိုင်တွေလည်း ပါမယ်။ ဆိုင်ခန်းပေါင်းက ၃၀၀ ကျော်ရှိပါမယ်။ အားကစားပြိုင်ပွဲတွေ၊ ကာယဗလပြိုင်ပွဲတွေလည်း ပါမှာပါ” ဟု မနောပွဲတော်နှင့်အတူ ကုန်စည်ပြပွဲစီစဉ်နေသည့် 135 Ethnics Event & Services ကုမ္ပဏီမှ ဦးကျော်ကျော်လတ်က Latest Channel သို့ ဆက်သွယ်ပြောကြားခဲ့သည်။ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ မနောပွဲတော်၏ ဈေးရောင်းပွဲ ပါဝင်ဆင်နွှဲလိုပါက သီးသန့်ဆိုင်ခန်းများကို ကျပ်(၃)သိန်းမှစ၍ စီစဉ်ထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မနောပွဲတော်ကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရက်တိုသာ ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အတွက်မူ အစိုးရ၏ပံ့ပိုးမှုနှင့်အတူ ရက်သတ္တပတ်တစ်ပတ်ကျော် ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စီစဉ်နေကြောင်း သိရသည်။


“အခုကျင်းပမယ့် မနောပွဲတော်ဟာ ကချင်လူမျိုးတွေ သီးသန့်လုပ်တဲ့ပွဲမဟုတ်ပါဘူး။ ကချင်ပြည်နယ်နေ့လို့ အမည်မှည့်ခေါ်ထားတဲ့အတိုင်းပဲ ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကချင်အမျိုးသားများနဲ့တခြားတိုင်းရင်းသားတွေအားလုံး၊ နိုင်ငံသားအားလုံးအတွက် ကျနော်တို့ ရည်ရွယ်ကျင်းပတာပါ။ အားလုံးပါဝင်ဆင်နွှဲလို့ ရပါတယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။ အားလုံး ကြွရောက်ချီးမြှင့်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတန်ဂွင်းက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here