မြဂနိုင်” အသံတိတ်ရုပ်ရှင် လာမည့်စနေနေ့ ဝဇီရာရုံတွင် အခမဲ့ပြသမည်

0
22

ဒါရိုက်တာအေဝမ်းဦးတင်မောင်၏ “မြဂနိုင်” အသံတိတ်ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၂၃ရက်နေ့ (စနေနေ့)၊ ညနေ ၆နာရီခွဲ၌ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ
🎥 ဝဇီရာရုပ်ရှင်ရုံတွင် အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

English စာတမ်းထိုးဖြင့်ပြသမည်ဖြစ်ပြီး အသံတိတ်ခေတ်မှ ပုံစံအတိုင်း နောက်ခံမြန်မာ့ဆိုင်းဝိုင်းတီးခေတ်ပံ့ပိုးမှုများဖြင့် ရှေးမူမပျက်ခံစားကြည့်ရှုနိုင်မည်ဟု သိရသည်။

ယခုအခါ ရန်ကုန်မြို့တွင် Memory နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ၁၀ ရက် ကြာပြသလျက်ရှိရာ မြဂနိုင်အသံတိတ်ဇာတ်ကားကိုလည်း ထည့်သွင်းပြသခြင်းဖြစ်သည်။

မြဂနိုင် သည် ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့သော မြန်မာအဖြူအမည်း အသံတိတ်ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်သည်။ မြဂနိုင် ရုပ်ရှင်ကို ယူနက်စကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ် အဖြစ် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခြင်းခံခဲ့ရသည်။

မြဂနိုင် ရုပ်ရှင်ကို ဒဂုန် မြတ်လေးနွယ် က ဇာတ်ညွှန်းရေးသားခဲ့ပြီး အေဝမ်းတင်မောင် က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ကားတွင် ချစ်ဆွေ၊ မြင့်မြင့်၊ ဖူး၊ စိုင်တမော့၊ မြိုင်ရာဇာဘိုးစော၊ ဒေါ်ဂျမ်းစိန် တို့ ပါဝင်သရုပ်ဆောင်ကြသည်။

မြန်မာအဆွေအေဝမ်းဖလင်က မြဂနိုင် ဇာတ်ကားကို ၁၉၃၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ပလာဇာရုံ၌ စတင်ရုံတင်ပြသခဲ့သည်။ စတင်ရိုက်ကူးစဉ်က အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံ သီချင်းကို ၁၉၅၄ ခုနှစ်တွင် ထည့်သွင်းခဲ့ကာ စကားပြောခန်းများကို ၁၉၇၀ ပြည့်နှစ်တွင် ထပ်မံ ဖြည့်စွက်ခဲ့သည်။

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီ (MOWCAP) ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေ ၂၉ ရက်မှ ဇွန် ၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

Source : facebook.com/memoryfilmfestivalyangon/
Ref : my.wikipedia.org/

LEAVE A REPLY

Please enter your comment!
Please enter your name here