တရုတ်ကုန်သွယ်ရေးစစ်ကြောင့် ဗီယက်နမ် ပိုမိုအမြတ်ထွက်လာ

0
39

အမေရိကန်သမိုင်းတလျှောက်တွင် ဗီယက်နမ်စစ်ပွဲသည် အကြီးအကျယ်အထိနာခဲ့ရပြီးနောက် ဆယ်စုနှစ် ၄ ခုအကြာ မျက်မှောက်ကာလတွင်တော့ အမေရိကန်ရော ဗီယက်နမ်ပါ နှစ်ဘက်အကျိုးစီးပွားရှိမည့် ကိစ္စရပ်များဖြင့် သဟဇာတဖြစ်နေကြောင်း Forbes မဂ္ဂဇင်းက သုံးသပ်ရေးသားသည်။

အမေရိကန်နှင့်ဗီဘက်နမ်တို့ ယနေ့ကဲ့သို့အနေအထားမျိုး ဖြစ်ပေါ်တိုးတက်လာလိမ့်မည်ဟု ပြီးခဲ့သည့်နှစ်ပေါင်း ၄၀ က မည်သူမှ ခန့်မှန်းနိုင်ခဲ့ခြင်းမရှိပေ။

အကြောင်းမူကား စစ်ပွဲများ (သို့မဟုတ်) ပထဝီဝင်နိုင်ငံရေးကို ကျွန်ုပ်တို့ ဆဝါးနိုင်ခဲ့ခြင်းမရှိလင့်ကစား အမေရိကန်စားသုံးသူများအတွက် ဗီယက်နမ်သည် ကုန်စည်တင်ပို့သူ လုံးလုံးလျားလျား ဖြစ်နေလေပြီ။ စားသောက်ကုန်တင်ပို့လုပ်ငန်းသည် ဗီယက်နမ်၏အဓိကစီးပွားရေးဖြစ်လာသည်။

ထို့ပြင် ဗီယက်နမ်တွင် ပရိဘောဂမှ ဖိနပ်အထိ ကုန်စည်ထုတ်လုပ်ရေးအားကောင်းလာသဖြင့် တရုတ်ထုတ်ကုန်များအကျပ်အတည်းဖြစ်နေချိန်တွင် အမေရိကန်သို့ ဗီယက်နမ်က ၎င်းကုန်စည်များကို ပိုမိုအဆင်ချောမွေ့စွာ တင်ပို့လာနိုင်ခဲ့သည်။

အခြားတစ်ဖက်၌လည်း ဈေးကွက်ထဲတွင် ထရမ့်၏ကုန်သွယ်ရေးစစ်‌ကြောင့် တဝဲလည်လည်ဖြစ်နေရသော တရုတ်ကုန်စည်အချို့ကို အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများက အဖိုးနှုန်းချိုသာစွာဖြင့် တင်သွင်းနိုင်နေသည်။ အခွန်စည်းကြပ်သည့်ပစ်မှတ်ဖြင့် ကုန်စည်စီးဆင်းမှုအလှည့်အပြောင်းကို အမေရိကန်ကုမ္ပဏီများ ငဲ့စောင်း၍ကြည့်ကာ စီးပွားရေးပြဿနာသစ်များကို ဖြေရှင်းနိုင်မည့်နည်းလမ်းသစ်ကို ပြန်လည်သုံးသပ်လာကြသည်။

သို့သော် အခွန်စည်းကြပ်မှုတိုးမြှင့်ခြင်း၏ရည်ရွယ်ချက်သက်ရောက်မှုသည် အမေရိကန်ကုန်စည်ထုတ်လုပ်ရေးကို တဖန်ပြန်လည် ဦးမော့စေသည်ဆိုလျှင် ကိစ္စမရှိပေ။ လက်တွေ့အားဖြင့် ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန်ဘက်ခြမ်းရှိ အသေးစားကုမ္ပဏီအချို့ကို အထီးကျန်ဖြစ်စေခဲ့သော်လည်း ကုမ္ပဏီတိုင်း အထီးကျန်မဖြစ်ခဲ့၍ တော်သေးသည်။

တရုတ်အစိုးရထံမှ လုပ်သားဈေး၊ ငွေကြေးလဲလှယ်နှုန်းအတက်အကျနှင့် အထွေထွေတွန်းအားများကြောင့် တရုတ်သို့ ကုန်စည်တင်သွင်းသူများမှာ အလှည့်အပြောင်းများစွာဖြင့် ရင်ဆိုင်နေရပြီး အခြေခံစားသုံးသူကုန်စည်များထက် နည်းပညာနှင့်အာကာသသိပ္ပံကဲ့သို့ လုပ်ငန်းကြီးများတွင် အရှုပ်အထွေး ပိုများလာနေသည်။

သို့ဖြစ်၍ တရုတ်ထံသို့ တင်ပို့နေကျစီးပွားရေးသမားများအတွက် ဗီယက်နမ်သည် ၎င်းတို့အတွက် ပထမဦးစားပေး ရွေးချယ်စရာဖြစ်လာခဲ့သည်။ ဗီယက်နမ်သည် လက်မှုလုပ်ငန်းအမွေအနှစ်များစွာကို ထွေးပွေ့ထားပြီး အထူးသဖြင့် ၂၀ ရာစုအစောပိုင်း ပြင်သစ်ကိုလိုနီဘဝက အထည်လိပ်နှင့်အထည်ချုပ်လုပ်ငန်းပေါင်းစုံကို နိုင်နိုင်နင်းနင်း လုပ်ကိုင်နိုင်စွမ်းရှိလေသည်။

သို့သော် ဗီယက်နမ်၏နောက်ဆုံးဖွံ့ဖြိုးလာမှုမှာ လက်မှုလုပ်ငန်းများထက်ကျော်လွန်လျက် ကုန်စည်လက်ကားထုတ်လုပ်နိုင်စွမ်း ဖြစ်လေသည်။ ဗီယက်နမ်တွင် အလျင်အမြန်ဖွံ့ဖြိုးလာနေသည့် စက်ရုံအရေအတွက် အသင့်အတင့်ရှိနေပြီး အချို့စက်ရုံများမှာ တရုတ်ကုမ္ပဏီများ၏ငွေကြေးဖြင့် ဗီယက်နမ်မြေပေါ်တွင် လာရောက်လည်ပတ်နေကြခြင်းဖြစ်သည်။ ဗီယက်နမ်တွင် ကုန်သွယ်ရေးတံခါးဖွင့်ပြီးနောက် ထိုင်ဝမ်မှ စက်ရုံပိုင်ရှင်များက တရုတ်ပြည်မထဲသို့ တိုးဝင်ထိုးဖောက်နိုင်ရန် ကြိုးစားစဉ် စပ်ကူးမတ်ကူးကာလမျိုးနှင့် ယနေ့ဗီယက်နမ်ပုံစံက ဆင်တူလို့နေသည်။

စင်စစ်အားဖြင့် မျိုးဆက်နှစ်ဆက်ကာလ ကြာမြင့်ပြီးနောက် အလားတူထိုင်ဝမ်လုပ်ငန်းရှင်မိသားစုများ ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့အခြေချလျက် စီးပွားရှာခဲ့ကြမှာလည်း အမှန်ပင်ဖြစ်သည်။

ဗီယက်နမ်ရှိ အဓိကစီးပွားရေးလုပ်ငန်းများအနက် ထင်ရှားသည့်လုပ်ငန်းတစ်ခုမှာ ပရိဘောဂလုပ်ငန်းဖြစ်သည်။ တဖန်အားဖြင့် လက်ရှိ ကုန်သွယ်ရေးစစ်မတိုင်မီ နှစ်နှစ်ကမှ တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံထဲသို့ စီးပွားရေးအရွေ့ ပိုမိုမြန်ဆန်လာခဲ့သည်။ အမေရိကန်တင်သွင်းသူတစ်ဦးဖြစ်သည့် Ashley Home ၏အဆိုအရ တရုတ်ထံမှ ဗီယက်နမ်နိုင်ငံသို့ မွေ့ယာထုတ်လုပ်မှုလုပ်ငန်းမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ တက်လာကြောင်း သိရသည်။ အဆိုပါပမာဏမှာ ဗီယက်နမ်မွေ့ယာထုတ်လုပ်မှုလုပ်ငန်းအတွက် အလွန်အမင်းချဲ့ထွင်လာမှုပင် ဖြစ်သည်။

တရုတ်ကူရှင်ထုတ်လုပ်ရေးလုပ်ငန်းရှင် မန်ဝါးက ၉ လအတွင်း ဗီယက်နမ်နိုင်ငံ၌ ၂.၅ သန်းစတုရန်းပေရှိသည့် စက်ရုံတစ်ရုံကို တည်ထောင်နိုင်ခဲ့ပြီး ဗီယက်နမ်-တရုတ်ကုန်သွယ်ရေးအခြေနေမှာ အရှိန်အဟုန်ဖြင့် တက်လာကြောင်း သုံးသပ်ပြောကြားခဲ့သည်။ တစ်လအတွင်း သင်္ဘောကွန်တိန်နာ ၁၀၀၀ နှုန်း ဗီယက်နမ်တွင် ထုတ်လုပ်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်အကုန်ပိုင်းတွင် ကွန်တိန်နာ ၂၀၀၀ အထိ တက်လာမည်ဟု မျှော်မှန်းထားကြောင်း၊ ရှေ့ဆက်၍ တစ်လလျှင် ၄၀၀ အထိ ထုတ်လုပ်မှုတိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ပရိဘောဂအသုံးအဆောင်တစ်ခုတည်းသာ ဗီယက်နမ်ဈေးကွက်ဝေစုကို လွှမ်းမိုးထားသည်တော့ မဟုတ်။ အွန်လိုင်းစက်မှုသတင်းတစ်ပုဒ်အရ ဗီယက်နမ်မှ ဖိနပ်တင်သွင်းမှုမှာ အမေရိကန်ဈေးကွက်၌ ၁၁.၃ ရာခိုင်နှုန်းရှိခဲ့ရာ ယခု ၂၆ ရာခိုင်နှုန်းတက်လာသည်ဟု သိရသည်။ ထိုနှုန်းမှာ အမေရိကန်ဈေးကွက်၌ တရုတ်ကုန်စည်တင်သွင်းမှုနေရာတွင် ဗီယက်နမ် အစားထိုးလာခြင်း၏ပြယုဂ်တစ်ခုဟုလည်း ဆိုနိုင်သည်။ ဗီယက်နမ်အနေဖြင့် ထို့ထက်ပို၍ ကုန်စည်အမယ်စုံအောင် တင်သွင်းနိုင်ရေးကြိုးပမ်းနေသော်လည်း အကန့်အသတ်များက ရှိနေဆဲဖြစ်သည်။ အကြောင်းမှာမူ လုပ်သားအင်အားအရေအတွက်မှာ တရုတ်က ဗီယက်နမ်ထက် အဆများစွာ ရပ်တည်နေခြင်းကြောင့် ကုန်စည်ထုတ်လုပ်မှုတွင်လည်း အကန့်အသတ်ရှိနေရခြင်းဖြစ်သည်။

ဗီယက်နမ်သည် ပြီးခဲ့သည့် ဆယ်စုနှစ် ၄ ခုက တရုတ်ထံတွင် ရှိခဲ့ဖူးသော အခြေခံအဆောက်အဦမျိုး လက်ဝယ်မရှိသေးချေ။ လမ်းပိုင်း၊ ဆိပ်ကမ်း၊ ကုန်စည်တင်ပို့နိုင်မှုစွမ်းရည်တို့အတွက် ဗီယက်နမ်က အပြင်းအထန် လုံးပမ်းနေရဆဲရှိသည်။ ကုန်စည်တစ်ခု၏အပြီးသတ်တပ်ဆင်ထုတ်လုပ်မှုအပိုင်းတွင်လည်း ဗီယက်နမ်က တရုတ်ကဲ့သို့ တစ်ဆင့်ခံကန်ထရိုက်စနစ်မျိုးကျင့်သုံး၍ ကုန်စည်အစိတ်အပိုင်း အမြောက်အမြားထုတ်လုပ်နိုင်စွမ်း အားနည်းနေသေးသည်။

မည်သို့ပင်ဆိုစေ အနောက်အုပ်စုနိုင်ငံများအတွက်မူ ဗီယက်နမ်ကုန်စည်ကို ကောင်းသောလာခြင်းအဖြစ် ကမ်းလင့်လို့ ကြိုနေကြသတည်း။                   ။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here