ဆန္ဒပြမှုများကြောင့် ဟောင်ကောင်စီးပွားရေး သိသိသာသာကျဆင်း

0
76

ဟောင်ကောင်တွင် ၅ လတိုင်တိုင်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်ဂယက်ကြောင့် ခရီးသွားလုပ်ငန်းနှင့်လက်လီရောင်းချသည့်ဈေးကွက်တို့ ပြင်းထန်စွာအထိနာခဲ့၍ စီးပွားရေးတုံ့ဆိုင်းကျဆင်းခြင်း ဖြစ်ပေါ်နေရကြောင်း စီအင်န်အင်န်သတင်းဌာနက ယခုရက်သတ္တပတ် ထုတ်ဖော်ရေးသားသည်။

အာရှတိုက်၏ဘဏ္ဍာရေးဆုံချက်ဖြစ်သော ဟောင်ကောင်သည် ပြီးခဲ့သည့်ရက်သတ္တပတ် စီးပွားရေးညွှန်းကိန်းများအရ အနုတ်လက္ခဏာပြသလာသည်ဟု ဆိုနိုင်ကြောင်း၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ နည်းပညာပိုင်းတွင် ယုတ်လျော့ကျဆင်းလာကြောင်း၊ ယခုနှစ်အတွက် ဒုတိယမ္ပိစီးပွားရေးအထိနာခြင်းဖြစ်ကြောင်း ဟောင်ကောင်အစိုးရအဖွဲ့ ဘဏ္ဍာရေးအတွင်းဝန် ပေါလ်ချမ်း၏ပြောကြားချက်ကို ကိုးကားလျက် စီအင်န်အင်န်က ရေးသားသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂၀၁၉ စက်တင်ဘာလအထိ ၃ လပတ် ပို့ကုန်ရာခိုင်နှုန်းမှာ ၇ ရာခိုင်နှုန်းကျခဲ့ကြောင်း ပေါလ်ချမ်းက ပြောသည်။ ယင်းပမာဏမှာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အကြီးမားဆုံး နစ်နာမှုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၉ တစ်နှစ်လုံးစာအတွက် ဟောင်ကောင်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ သုညရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းကြားတွင်ပင် ရပ်တည်နိုင်ခြင်းမရှိတော့ကြောင်း ပေါလ်ချမ်းက ရှင်းပြသည်။

ဟောင်ကောင်စီးပွားရေးသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ကြောင့် အထိနာသည့်ကြားထဲ ဗူးလေးရာ ဖရုံဆင့်သည့်အနေဖြင့် ဆန္ဒပြမှုများက နှစ်ဝက်ခန့် ရှည်လျားပြင်းထန်ခဲ့သည်။ သို့သော် ယင်းပြဿနာမှာ ယခုသတင်းရေးသားသည့်အချိန်အထိ ပြေလည်ခြင်းမရှိဘဲ အဆုံးမသတ်နိုင် ဖြစ်နေရသည်။

ဟောင်ကောင်မြို့ပေါ်ရှိ လူစည်ကားရာ ဈေးဝယ်နေရာများ၊ ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်နေရာများတွင် ရဲများနှင့်တရုတ်အစိုးရဆန့်ကျင်ရေးအုပ်စုများ ပဋိပက္ခအကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

ဟိုတယ်များတွင် ခရီးသည်ရောက်ရှိမှုနှုန်းမှာ ပြီးခဲ့သည့်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၂၈ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန်က ဖွင့်ဟပြောကြားခဲ့သည်။

Source : cnn.com

LEAVE A REPLY

Please enter your comment!
Please enter your name here