စပါးဈေးမှာ အခြေခံရည်ညွှန်းဈေးနှုန်းထက် ယခုကျော်လွန်သွားပြီဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ပြောကြား

0
76


မြန်မာ့ဆန်စပါးလုပ်ငန်းတွင် စပါးဈေးနှုန်းမှာ ယခု ၂၀၁၉ ခုနှစ်အတွင်း ကျဆင်းခဲ့သဖြင့် အစိုးရက စိုက်ထုတ်ဝယ်ယူရေးကို နှစ်ကုန်ပိုင်းတွင် ဆောင်ရွက်ခဲ့ရာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်းစပါး စျေးနှုန်းအဖြစ် စပါးတင်း(၁၀၀)လျှင် ကျပ်ငွေ(၅)သိန်းနှုန်း သတ်မှတ်ကြေညာချက်ကို အောက်တိုဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် တင်ဒါခေါ်ယူလျက် အစိုးရက စပါးဝယ်ယူနေမှုအခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ထံသို့ Latest Channel က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ရှင်းပြခဲ့သည်။

“တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဖွဲ့ထားတဲ့ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့က တင်ဒါထုတ်ပါတယ်။ အဲဒီတင်ဒါနဲ့ စပါးဝယ်ယူရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ တင်ဒါအောင်သွားတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေကို ကြေညာထားပြီးပါပြီ။ တင်ဒါစထုတ်ပြီးတော့ ရွေးချယ်ဝယ်ယူတဲ့အချိန်မှာပဲ အရင်က အခြေခံရည်ညွန်းဈေးအောက်ရောက်နေတဲ့ စပါးအမျိုးအစားတွေလည်း အခြေခံဈေးအပေါ်မှာ ဖြစ်သွားပြီလေ။ အခုလည်း တင်ဒါအရ ဆက်ပြီးတော့ ဝယ်ယူရေးလုပ်ငန်းတွေ လုပ်မှာပေါ့နော်။ ပစ္စည်းအပ်တာတို့ ဆက်လုပ်မယ့်သဘောရှိပါတယ်။ ဝယ်ယူရေးလုပ်ငန်း စတင်နေပြီ။ ဝယ်ယူနေပြီ။ တင်ဒါစနစ်နဲ့ အကောင်အထည်ဖော်နေပြီဆိုတာတော့ ကျနော် ပြောလို့ရပါတယ်ခင်ဗျ။ တင်ဒါစနစ်ဝယ်ယူရေး အဓိကရည်ရွယ်ချက်ကတော့ အခြေခံရည်ညွှန်းဈေးနှုန်း ၅ သိန်းကျပ်သတ်မှတ်ထားတာဟာ ၅ သိန်းကျပ်အောက် မရောက်အောင် ထိန်းပေးတဲ့သဘောဖြစ်ပါတယ်။ အခုကတော့ ၅ သိန်းကျပ်ထက် ကျော်သွားပါပြီ” ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

“မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်၊ စပါး ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုဖြစ်ပေါ်နေသော ပြည်ပဝယ်လိုအား ကျဆင်းခြင်းကြောင့် အခြေခံရည်ညွှန်းစပါး ဈေးနှုန်းထုတ်ပြန်ပေးရန် လိုအပ်ချက်ကြောင့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်တွက်ချက်သုံးသပ်စေ၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း” တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယခုဒီဇင်ဘာလ ၅ ရက်၌ နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here